ကင်ဆာတို့ရဲ့ အရေးပေါ် အခြေအနေများ
သွေးဖြူဥကျကာ ပိုးဆိပ်တက်ခြင်း(Neutropenic sepsis)
သွေးဖြူဥတွေထဲမှ Neutrophil လို့ခေါ်တဲ့အမျိုးအစား ပမာဏနည်းလာပါတယ်။ ကင်ဆာလိုမျိုး ရောဂါပိုး မကြာခဏ ဝင်ရောက်နိုင်လောက်အောင် ခုခံအားကျဆင်းတဲ့အခြေအနေမှာ တိုက်ပေးနေရတဲ့ Neutrophil တွေ ကုန်လာတဲ့သဘော ဖြစ်ပါတယ်။ ကိုယ်ပူချိန် ၃၈ဒီဂရီစင်တီဂိတ်ထိ မြင့်ကာ ဖျားပါတယ်။ ကင်ဆာဆေး (chemo) သွင်းနေရတဲ့လူနာတွေမှာ ကုထုံးယူနေရတာ ၆ပတ်ကြာလာပြီး နေထိုင်မကောင်းရင် Neutropenic sepsis ကို သံသယရှိသင့်ပါတယ်။ ဆီးပိုက်တပ်ဆင်ထားရတဲ့လူနာတွေ၊ အကြောဆေးသွင်းဖို့ လက်ဖျံမှာအပ်ထည့်ထားရတဲ့လူနာတွေမှာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ထိရောက်မြန်ဆန်တဲ့ ကုသခံရမှသာ အသက်ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။
အာရုံကြောမကြီး ဖိခံရခြင်း (သို့) ညပ်ခြင်း (Spinal Cord Compression)
ကင်ဆာသမားတွေရဲ့ ၃-၅% လောက်ဟာ အာရုံကြောမကြီးဆီ ကင်ဆာဆဲလ်ပျံ့နှံ့တတ်ပါတယ်။ ကင်ဆာရောဂါအဆင့်မြင့်နေတဲ့ (ရောဂါပြင်းထန်တဲ့) လူနာတွေရဲ့ ၁၅% ခန့်မှာ အာရုံကြောမကြီးဟာ ဖိခံ၊ ညပ်ခံရလေ့ရှိပါတယ်။ အတွေ့ရများတဲ့ ကင်ဆာအမျိုးအစားတွေမှာ အဆုတ်ကင်ဆာ၊ ဆီးကြိတ်ကင်ဆာ၊ သွေးကင်ဆာမျိုးကွဲထဲက Myeloma၊ မှဲ့ကင်ဆာ Melanoma စတာတွေ ဖြစ်ပါတယ်။ ၉၅% သောလူနာတွေမှာ ခါးကိုက်တဲ့ ဝေဒနာခံစားရပြီး အာရုံကြောနဲ့ဆိုင်တဲ့ ပြသာနာတွေဖြစ်တဲ့ လမ်းကောင်းကောင်း မလျှောက်နိုင်တာ၊ ခြေလက်တွေ အားမရှိတာ၊ ဆီးဝမ်းမထိန်းနိုင်တဲ့ ပြသာနာတွေ၊ အာရုံခံစားမှု လျော့ကျတာတွေ ဖြစ်နိုင်ပါတယ်။ အိပ်ရာမှာ လဲပြီးနားသင့်ကာ အရေးပေါ် MRI သံလိုက်ဓာတ်မှန် ရိုက်ဖို့လိုကောင်းလိုနိုင်ပါတယ်။
Superior Vena Cava Syndrome
ဦးခေါင်း၊ လည်ပင်းနဲ့ လက်တွေကနေ နှလုံးဆီကို သွေးပြန်စီးဆင်းမှု လျော့နည်းတာဖြစ်ပါတယ်။ အကြောင်းကတော့ သွေးပြန်ကြောမကြီး(Superior Vena Cava) ကို အပြင်ဖက်ကနေ ဖိမိတာ (သို့) သွေးပြန်ကြောမကြီးထဲမှာ သွေးခဲပိတ်တာကြောင့်ဖြစ်ပါတယ်။ အသက်ရှုမဝတာ၊ မောတာ၊ပြာနှမ်းတာ၊ မျက်နှာ၊လက်မောင်းတွေ ဖောသွပ်တာ၊ ချောင်းဆိုး၊ ခေါင်းကိုက်တာ၊ လည်ပင်းနဲ့ ရင်ဘတ် သွေးကြောတွေ ဖောင်းတာတွေ ဖြစ်တတ်ပါတယ်။ အများဆုံးကတော့ အဆုတ်ကင်ဆာ၊ ပြန်ရည်ကြောကြိတ် (lymphoma)၊ ရင်သားကင်ဆာကနေ ကင်ဆာဆဲလ်ပျံ့တာ စတဲ့ကင်ဆာတွေမှာ တွေ့တတ်ပါတယ်။
ကင်ဆာနဲ့ ဆက်စပ်တဲ့ သွေးတွင်းကယ်လ်ဆီယမ်များခြင်း
၁၀-၂၀% ကင်ဆာသမားတွေရဲ့ သွေးထဲမှာ ကယ်ဆီယမ်ဓာတ်များတတ်ပြီး အဲ့ထဲက ၄၀% ဟာ သွေးကင်ဆာထဲက Myeloma အမျိုးအစားမှာတွေ့ရပါတယ်။ ကယ်ဆီယမ်ဓာတ်များတာဟာ ရောဂါအခြေအနေ ဆိုးဝါးတယ် ဆိုရပါမယ်။ ၃လအတွင်း သေနိုင်ချေ ၇၅% နီးပါးရှိပါတယ်။ ဝိတ်ကျတာ၊ အစားအသောက်ပျက်တာ၊ ပျို့တာ၊ ရေအရမ်းငတ်တာ၊ ဆီးသွားများတာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ၊ ရေဓာတ်နည်းတာ၊ အားမရှိတာ၊ ဂယောင်ခြောက်ခြား ဖြစ်တာ၊ တက်တာ၊ သတိလစ်တာတွေ ခံစားရတတ်ပါတယ်။ ရေဓာတ်ကို အပြင်းအထန် ပြန်ဖြည့်ရကာ ၃ရက်အတွင်း ကယ်လ်ဆီယမ်ပမာဏ ပုံမှန်ဖြစ်အောင် လုပ်ရပါတယ်။
ဦးနှောက်ဆီကို ကင်ဆာရောက်ရှိခြင်း (brain metastases )
၄၀% ကင်ဆာဝေဒနာရှင်တွေမှာ ကြုံတွေ့ရပါတယ်။ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ မှဲ့ကင်ဆာ melanoma စတဲ့ကင်ဆာတွေမှာ တွေ့ရပါတယ်။ ခန့်မှန်းချေ ၁-၂ လခန့်သာ အသက်ရှင်နိုင်ပါတယ်။ ခေါင်းကိုက်တာ (မနက်ပိုင်းမှာ အဖြစ်များပြီး ချောင်းဆိုးချိန်၊ ရှေ့ကိုကိုင်းတဲ့အချိန်တွေမှာ ပိုကိုက်တတ်တယ်)၊ တက်တာ၊ ပျို့အန်တာ၊ မျက်စိသူငယ်အိမ်ကျယ်တာ၊ ခြေလက်အားမရှိတာ စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။ အမြန်ဆုံး ကွန်ပြူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန်တွေကို ရိုက်ကြည့်ပြီး အခြေအနေကို သုံးသပ်ကာ ဦးနှောက်တွင်းဖိအား လျော့နည်းအောင် ကုသခံရပါတယ်။
Tumour lysis syndrome
ဆဲလ်တွေ အများကြီး ပျံ့ပွားတဲ့ သွေးကင်ဆာတွေဖြစ်တဲ့ Leukemia၊ Myeloma၊ Lymphoma တွေမှာ ကင်ဆာဆေးတွေနဲ့ ကုသရတဲ့အခါ ဆဲလ်တွေ ပျက်စီးတာ ဆီးဆိပ်၊ ပိုတက်ဆီယမ်နဲ့ ဖော့စဖိတ်ဓာတ်တွေ တက်တတ်ပြီး ကယ်ဆီယမ်လျော့နည်းတတ်ပါတယ်။ အဲ့အခါ နှလုံးစည်းချက်မမှန်တာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။
ရေးသားသူ - Dr. May Myat Tun